ဆံပင်ဆေးဆိုးခြင်းရဲ့ ဘေးထွက်ဆိုးကျိုးများ
စိတ်ညစ်တိုင်း ဆံပင်ကို ပြဿနာရှာတတ်တဲ့သူတွေ ရှိလား။ စိတ်မကြည်တာနဲ့ ဆံပင်ကို ဖြတ်လိုက်၊ ကောက်လိုက်ဖြောင့်လိုက်၊ ဆေးဆိုးလိုက်လုပ်တတ်ကြတယ်လေ။ ဆံပင်ဆေးဆိုးပြီး အရောင်လေးတွေနဲ့ လွင့်နေတဲ့အခါ စိတ်ညစ်နေတာတွေ ပြေမပြေ မသေချာပေမယ့် ဆံပင်ဆိုးဆေးရဲ့ ဆိုးကျိုးတွေကြောင့် ပိုပြီးစိတ်ညစ်ရတာမျိုးတွေ ဖြစ်နိုင်တယ်နော်။
ဆံပင်ဆိုးဆေးတွေဟာ ဓာတုပစ္စည်းတွေနဲ့ လုပ်ထားတာပါ။ ဆံပင်ဆိုးဆေးတွေမှာ ထည့်သွင်းအသုံးပြုတတ်တဲ့ ဓာတုပစ္စည်းအမျိုးပေါင်း ၅၀၀၀ ကျော်ခန့် ရှိပါတယ်။ ကြာရှည်ခံတဲ့ဆိုးဆေးတွေဖြစ်ဖြစ်၊ ယာယီဆိုးဆေးတွေဖြစ်ဖြစ် ဓာတုပစ္စည်းတွေ ပါဝင်တဲ့အတွက် အနည်းနဲ့အများတော့ ဆိုးကျိုးတွေ ရှိတတ်ပါတယ်။
ဘာဆိုးကျိုးတွေ ရနိုင်သလဲ?
(1) ဓာတ်မတည့်ခြင်း
ဆံပင်ဆိုးဆေးတွေမှာ ဓာတုပစ္စည်းတွေ ပါဝင်တဲ့အတွက် ဓာတ်မတည့်တာ ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် Paraphenylenediamine ဆိုတဲ့ ဓာတုပစ္စည်းပါဝင်နေရင် ဓာတ်မတည့်မှု ဖြစ်နိုင်ခြေ ပိုများပါတယ်။ များသောအားဖြင့် ဦးရေပြား၊ မျက်နှာနဲ့ လည်ပင်းတွေမှာ ယားယံတာ၊ နီရဲရောင်ရမ်းတာတွေ ဖြစ်နိုင်ပါတယ်။ နှင်းခူရောဂါနဲ့ ဆိုရီရေးဆစ်အရေပြားရောဂါလို ရောဂါမျိုးတွေ ရှိနေရင်တော့ ဓာတုဆိုးဆေးတွေ မသုံးတာက ပိုကောင်းပါတယ်။
(2) ဆံသားပျက်ဆီးခြင်း
ဆိုးဆေးအများစုမှာ ပါဝင်တဲ့ Ammonia နဲ့ Peroxide တွေက ဆံသားတွေကို ကျိုးကြေပျက်စီးစေသလို ဆံပင်ရဲ့ နကိုအရောင်ကိုလည်း ချွတ်ပစ်နိုင်တဲ့ သတ္တိရှိလို့ ဆံပင်ကျွတ်လွယ်တာ၊ ဆံသားကျိုးကြေတာ၊ ဆံပင်အရောင်က မွဲခြောက်ခြောက် ဖွာလန်ကျဲနေတာတွေ ဖြစ်ပါလိမ့်မယ်။
(3) မျက်မြှေးရောင်ခြင်း
ဆံပင်ဆိုးဆေးတွေနဲ့ ထိတွေ့မိတဲ့ မျက်နှာနဲ့ လည်ပင်းမှာ ဓာတ်မတည့်တာဖြစ်နိုင်သလိုပဲ ဆံပင်ဆိုးဆေးတွေက မျက်စိထဲ မတော်တဆဝင်သွားရင် မျက်စိနီရဲနာကျင်ပြီး မျက်မြှေးရောင်နိုင်ပါတယ်။
(4) ကလေးမရနိုင်ခြင်း
အဖြစ်များတဲ့ ဆိုးကျိုးတော့ မဟုတ်ပေမယ့် ထပ်ကာထပ်ကာ မကြာခဏ ဆံပင်ဆိုးလေ့ရှိသူတွေ၊ နှစ်ရှည်လများ ဆံပင်ဆိုးတဲ့သူတွေမှာ ကိုယ်ဝန်ရဖို့ ခက်ခဲနိုင်ပါတယ်။
(5) ပန်းနာရင်ကြပ်ဖြစ်ခြင်း
ဆံပင်ဆိုးဆေးနဲ့ ဓာတ်မတည့်ရာကနေလည်း ပန်းနာရင်ကြပ်ဖြစ်နိုင်ပါတယ်။ ဆံပင်ဆိုးဆေးအနံ့တွေ အသက်ရှူလမ်းကြောင်းထဲ ရောက်သွားတာကြောင့် လည်ချောင်းစပ်တာ၊ ချောင်းဆိုးတာ၊ အသက်ရှူလိုက်တိုင်း ရွှီရွှီသံမြည်နေတာ၊ အဆုတ်ရောင်တာ စတဲ့ ရောဂါလက္ခဏာတွေ ခံစားရနိုင်ပြီးး ပန်းနာရင်ကြပ် ရောဂါအခံရှိသူတွေမှာ ပိုဆိုးနိုင်ပါတယ်။
(6) ကင်ဆာဖြစ်နိုင်ခြေရှိခြင်း
သုတေသနတွေအရ ကြာရှည်ခံဆံပင်ဆိုးဆေးတွေမှာ အသုံးပြုတဲ့ ဓာတုပစ္စည်းတွေက ကင်ဆာဖြစ်နိုင်ခြေကို မြင့်မားစေတယ်လို့ ဆိုပါတယ်။ တစ်ခါနှစ်ခါ ဆိုးတာမျိုးက ပြဿနာမရှိနိုင်ပေမယ့် ရေရှည်အသုံးပြုတာမျိုးကို ရှောင်နိုင်ရင် အကောင်းဆုံးပါ။
(7) ဆံပင်ကို ပုံမှန်ထက်ဂရုစိုက်ရန် လိုအပ်ခြင်း
ဆိုးကျိုးတော့မဟုတ်ပေမယ့် ဆံပင်ဆိုးထားတဲ့သူတွေဟာ ဆံပင်ကို ပုံမှန်ထက်အဆများစွာ ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ ခေါင်းလျှော်တာ၊ ဆံပင်ဖြီးသင်တာ၊ ခေါင်းလိမ်းဆီလိမ်းတာ၊ နေပူထဲသွားတာ စသဖြင့် အချိန်တိုင်း ဂရုစိုက်နိုင်မှသာ ဆံသားပျက်စီးခြင်းကို လျော့နည်းစေမှာပါ။
သဘာဝမဟုတ်တာတွေကတော့ အနည်းနဲ့အများ ဆိုးကျိုးတွေ ဖြစ်စေမှာပါပဲ။ ဆံပင်ကို လုံးဝဆေးမဆိုးဘဲ သဘာဝအရောင်နဲ့ နေနိုင်ရင်တော့ အကောင်းဆုံးပါ။ မနေနိုင်လို့ ဆိုးမယ်ဆိုရင်လည်း ဆိုးကျိုးမရှိတဲ့ သဘာဝပစ္စည်းတွေနဲ့ ဆိုးလို့ရပါတယ်။ နောက်တစ်ခါမှာ သဘာဝဆံပင်ဆိုးဆေးတွေအကြောင်း ပြောပြပေးမှာမို့ ဟက်ပီးလေးတို့က စောင့်မျှော်ဖတ်ရှုပေးပါဦးနော်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်